မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းကျင်းပခဲ့သည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းက စံချိန်တင်အောင်မြင်မှုအဖြစ် (၅) ကြိမ်မြောက် ချန်ပီယံဆုဖလားကို ရယူသွားနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအပြင် ယခုနှစ်အမှတ်ပေးပြိုင်ပွဲ၏ စံချိန်တင်မှတ်တမ်းများနှင့် ထူးခြားမှုအချို့အား ဖော်ပြပေးလိုက်ရပါသည်။
ချန်ပီယံဆု (၅) ကြိမ်နှင့်အတူ ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် အမြင့်မားဆုံး စံချိန်သစ်တစ်ရပ်ကို ရေးထိုးနိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ယခုှစ် MPT Myanmar National Leagueအမှတ်ပေးဆုဖလားကို ရယူနိုင်ခဲ့ပြီးနောက်အအောင်မြင်ဆုံးကလပ်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ်တွင် ကွင်းဖွင့်ဖလား(ချာရတီဒိုင်း)နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလားတို့ကိုပါ ရယူနိုင်ခဲ့ရာ တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့သည့် စံချိန်သစ်တစ်ခုကိုပါ ထပ်မံပိုင်ဆိုင်ခဲ့သည်။
ကစားသမားဘဝနှင့် နည်းပြဘဝတွင်ပါ ရှုံးထွက်ဖလားနှင့်အမှတ်ပေးဆုဖလား ရယူနိုင်ခဲ့သည့် ဦးမျိုးမင်းထွန်း
အလားတူ ရန်ကုန်ယူနိုက်တက်အသင်း၏ ပဲ့ကိုင်ရှင် ဦးမျိုးမင်းထွန်းမှာလည်း ကစားသမားဘဝနှင့် နည်းပြဘဝတွင်ပါ ရှုံးထွက်ဖလားနှင့်အမှတ်ပေး ချန်ပီယံဆု ရယူနိုင်သည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့သည်။ ထို့ပြင် နည်းပြ ဦးစိုးမြတ်မင်းပြီးနောက် ပြည်တွင်းအမှတ်ပေးဆုဖလားကို ရယူနိုင်သည့်အသက်အငယ်ဆုံးနည်းဖြစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရန်ကုန်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅ ၊ ၂၀၁၈ ခုနှစ်များတွင် ရရှိခဲ့ပြီး ဒုတိယအောင်မြင်မှုအရှိဆုံးအသင်းမှာ ချန်ပီယံဆု လေးကြိမ် ရရှိဖူးသည့် ရတနာပုံအက်ဖ်စီအသင်းဖြစ်သည်။
အာရှအဆင့်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့်အသင်းများ
မန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဆုဖလားအား (၅) ကြိမ်မြောက် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင်အာရှချန်ပီယံလိဂ်ခြေစစ်ပွဲနှင့်အေအက်ဖ်စီဖလားအုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့အတူအဆင့် (၂) နေရာပ်တည်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းမှာအေအက်ဖ်စီဖလားပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ယခုနှစ်တွင် ပြည်တွင်းအမှတ်ပေးဆုဖလားနှင့် ရှုံးထွက်ဖလားတို့ကို ရန်ကုန်ယူနိုက်တက်တစ်သင်းတည်းက ရယူနိုင်ခဲ့ခြင်းကြောင့်အဆင့် (၂) နေရာမှ ရှမ်းအသင်းကအေအက်ဖ်စီလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ဒုတိယမြောက်ပွဲပယ်ပြစ်ဒဏ် အများဆုံး ကစားသမား
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ကအောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် ရှုံးထွက်ဗိုလ်လုပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြသော ရန်ကုန်ယူနိုက်တက်အသင်းမှ နောက်ခံလူ မင်းကျော်ခန့်နှင့် ဂိုးသမားကျော်ဇင်ထက်တို့မှာ ဒဏ်ကြေးငွေများနှင့်အတူ ပွဲပယ် (၁၂) ပွဲစီ ကျခံခဲ့ရသည်။ ယင်းမှာ မြန်မာနေရှင်နယ်လိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက် ပွဲပယ်ပြစ်ဒဏ်ကျခံရသည့် ဖြစ်စဉ်လည်းဖြစ်သည်။
ပွဲပယ်ပြစ်ဒဏ်အများဆုံးကျခံရသည့် ကစားသမားမှာ နေပြည်တော်အက်ဖ်စီအသင်းမှ ခိုင်ထူးဖြစ်ပြီး ၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်ဖြစ်သည့် နေပြည်တော်အက်ဖ်စီ-ရန်ကုန်ယူနိုက်တက် ပွဲစဉ်မှ ဖြစ်ရပ်များအတွက် ၂၀၁၄ တစ်ရာသီလုံး ပွဲပယ်ပြစ်ဒဏ်နှင့်အတူ ဒဏ်ကြေးငွေကျပ် ၂၅ သိန်း ချမှတ်ခံခဲ့ရသည်။
ပုံစံကောင်းပြ၍ ပထမဆုံးအကြိမ်အဆင့် (၃) နေရာရပ်တည်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်အသင်း
မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်အသင်းသည် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ရာသီကုန်အဆင့် (၃) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဇွဲကပင်အသင်းမှာ ကိုးနှစ်အကြာမှအသင်းသမိုင်းတစ်လျှောက် အမြင့်မာဆုံးအဆင့်ရပ်တည်မှုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ရာသီအတွင်း တစ်လတာအကောင်းဆုံးကစားသမားဆု သုံးကြိမ် ရရှိသည့် ကစားသမား
MPT Myanmar National League 2018အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ဇွဲကပင်ယူနိုက်တက်အသင်း နှင့် လက်ရွေးစင် တိုက်စစ်မှူး သန်းထက်အောင်သည် တစ်ရာသီအတွင်း တစ်လတာအကောင်းဆုံး ကစားသမားဆု သုံးကြိမ် ရရှိခဲ့သည်။ ယင်းမှာ တစ်ရာသီအတွင်း သုံးကြိမ်မြောက် ရွေးချယ်ခံရသည့် ပထမဆုံး ကစားသမား လည်းဖြစ်သည်။ ၎င်းသည် တစ်ရာသီအတွင်း ဇွဲကပင်အသင်းအတွက် သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် ဇွဲကပင်အသင်းမှာလည်းအဆင့် (၃) နေရာ ရပ်တည်ခဲ့သည်။
ရတနာပုံအသင်းကို ကျော်ဖြတ်ပြီးအဆင့်လေးအတွင်း ရပ်တည်ခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်း
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်သန္ဓေတည်စဉ်ကတည်းက ယှဉ်ပြိုင်လာခဲ့သည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းမှာ ဇွဲကပင်အသင်းနည်းတူ အမြင့်မားဆုံးအဆင့်ရပ်တည်မှု စံချိန်ကောင်းတစ်ခုကို ရယူနိုင်ခဲ့သည်။ ဟံသာဝတီအသင်းမှာ ယခုနှစ်တွင် ရမှတ် ၃၆ မှတ်ဖြင့် နာမည်ကြီး ရတနာပုံအသင်းကို ကျော်ဖြတ်ကာအဆင့်လေးအတွင်း ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၀ ရှုံးထွက်ချန်ပီယံ ဟံသာဝတီအသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲသို့လည်း တက်ရောက်နိုင်ခဲ့သည်ကို တွေ့ရသည်။
ဂိုးသွင်းဘုရင် ဂျိုးဇက်
ယူဂန္ဓာနိုင်ငံသား တိုက်စစ်မှူး ဂျိုးဇက်သည် သွင်းဂိုး ၁၈ ဂိုးဖြင့် ယခုနှစ် MPT Myanmar National League 2018 ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဖြစ်လာခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ၌ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီးနောက် ဟံသာဝတီယူနိုက်တက်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။
ထို့ပြင် ဟံသာဝတီအသင်း၏ ဂိုးသွင်းစက်သည် ယခုနှစ်တွင် ဟက်ထရစ်နှစ်ကြိမ် ရယူနိုင်သည့် ကစားသမားအဖြစ်လည်း ဂုဏ်ယူစရာမှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။
တိုက်စစ်အကောင်းဆုံးအသင်းနှင့် ခံစစ်အကောင်းဆုံးအသင်း
ယခုနှစ်ရာသီတွင် တိုက်စစ်အကောင်းဆုံးအသင်းမှာ ချန်ပီယံရန်ကုန်ယူနိုက်တက်အသင်းဖြစ်ပြီး သွင်းဂိုး ၅၄ ဂိုးအထိသွင်းယူနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုး ၅၄ ဂိုးအနက် တိုက်စစ်မှူး ဆီလာက ၁၇ ဂိုး၊ မောင်မောင်လွင်မှ ၉ ဂိုး၊အီမန်နျူရယ်မှ ၆ ဂိုး၊အီစိုးမှ ၅ ဂိုး၊ ကိုဆူကီယာမာဆာကီမှ ၄ ဂိုး၊ ကြည်လင်းနှင့် ကျော်ဇင်ဦးတို့မှ ၃ ဂိုးစီအများဆုံး သွင်းယူနိုင်ခဲ့သည်။
ခံစစ်အကောင်းဆုံးအသင်းမှာ ယမန်နှစ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဖြစ်ပြီး ၁၃ ဂိုးသာ ပေးခဲ့ရသည်။ ထို့အတူ ရှမ်းအသင်း ဂိုးသမား သီဟစည်သူမှာလည်း ၁၂ ပွဲတိတိ ဂိုးမပေးရသည့်စံချိန်ကို ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ရာပြည့်သွင်းဂိုးရှင်များ
မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းပြီး ယခုနှစ်အတွင်း ရာပြည့်သွင်းဂိုးရှင်များကို အမှတ်တရဆုများ၊ ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ သွင်းဂိုး ၁၀၀ပြည့်အမှတ်တရဆုကို ရခိုင်ယူနိုက်တက်အသင်းမှ ဆန်းဒေးမက်သယူး၊ သွင်းဂိုး ၂၀၀ပြည့်အမှတ်တရဆုကို ရတနာပုံအက်ဖ်စီအသင်းမှ ရှိုင်းသူရ၊ ဂိုး ၃၀၀ ပြည့်ကို ရခိုင်ယူနိုက်တက်အသင်းမှ တည်ငြိမ်မင်းတို့က အသီးသီး ရရှိခဲ့ကြသည်။
အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်
အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းသည် မေလအတွင်းက AYA Bank Tour 2018 ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခြေစမ်းပွဲများ လာရောက်ကစားခဲ့သည်။ သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် All Starsအသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ ၏အထူးခြေစမ်းပွဲတွင် MNL All Starsအသင်းက ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ရာသီကုန်တန်းဆင်းသွားခဲ့ရသည့် ဂျီအက်ဖ်အေနှင့် မြဝတီအက်ဖ်စီအသင်း
MPT Myanmar National League 2018အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရမှတ်အနည်းဆုံး ရရှိခဲ့သည့် ဂျီအက်ဖ်အေအသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့မှာ ရာသီကုန် MNL II ပြိုင်ပွဲသို့ တန်းဆင်းသွားခဲ့ရသည်။ မြဝတီအသင်းမှာ ယခုနှစ်တွင်မှ မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ နိုင်ပွဲ မရရှိခဲ့ဘဲ ပထမဆုံးရာသီမှာပင် မြန်မာနေရှင်နယ်လိဂ် ၂ သို့ ပြန်လည် တန်းဆင်းခဲ့ရသည်။ ဂျီအက်ဖ်အေသင်းမှာမူ လိဂ် ၂ ပြိုင်ပွဲသို့ ဒုတိယအကြိမ် တန်းဆင်းယှဉ်ပြိုင်ရခြင်းဖြစ်သည်။