
ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီအတွင်း မြန်မာနေရှင်နယ်လိဂ်အသင်းများ၏ ကလပ်လိုင်စင် ပြုုလုပ်မှုများတွင် ဖြစ်ပေါ်ခဲ့သောအားသာချက်၊အားနည်းချက် များကို ပြန်လည် သုံးသပ်ခြင်းနှင့် လာမည့် ၂၀၁၉ ရာသီအတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြသခြင်း၊ TMS ခေါ် Transfer Management System နှင့် ပတ်သက်၍ လာမည့်ရာသီတွင် ကလပ်အသင်းများ လိုက်လံလုပ်ဆောင်ရမည့် ကိစ္စရပ်များကို ပြန်လည်မျှဝေမှုများ ပြုလုပ်သည့် MFF/MNL FIFA TMS and Club Licensing Workshop 2018 ကို ယနေ့ နံနက် ၉း၃၀ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း ပထမထပ်ရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အယူခံကော်မတီ ဥက္ကဌ ဦးတင်အောင်(ဂိုး)၊ မြန်မာနေရှင်နယ်လိဂ် Club Licensing မန်နေဂျာ ဦးမိုးသွင်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် TMS မန်နေဂျာ ဦးအောင်မျိုးဇော်နှင့် မြန်မာနေရှင်နယ်လိဂ် ၁ နှင့် ၂ မှ ကလပ်အသင်း များ၏ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာနေရှင်နယ်လိဂ် ကလပ်များအနေဖြင့်အာရှဘောလုံးအဖွဲ့ချုပ်နှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်ရသည့် ကလပ်လိုင်စင်နှင့် ကစားသမားအပြောင်းအရွှေ့ ကိစ္စရပ်များတွင် စည်းမျဉ်းစည်းကမ်းများကို သေချာစွာ နားလည် သဘောပေါက်ပြီးအမှားအယွင်း ကင်းစွာ ပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် အာရှအဆင့် ဘောလုံးပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် အသင်းများအတွက် ငွေကြေးအမြတ်အစွန်းများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်နိုင်ရန်မှာလည်း ကလပ်လိုင်စင် ကိစ္စရပ်များတွင် အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ပါမှ လိဂ်အဆင့်အတန်း မြင့်တက်လာပြီး အာရှအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့်အသင်းအရေအတွက် ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကအမှာစကား ဆက်လက် ပြောကြားခဲ့သည်။ ဦးစိုးမိုးကျော်က ပြောကြားရာတွင် ကလပ်အသင်းများ အနေဖြင့် ပရော်ဖက်ရှင်နယ် ကလပ်အသင်းများ ပီသစေရန် လူ့စွမ်းအား အရင်းအမြစ်ကို လုံလောက်စွာအသုံးပြုကြ စေလိုကြောင်း၊ မိမိတို့ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် AFCအဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှု ပိုမိုရရှိစေရန် ကလပ်လိုင်စင် ကိစ္စရပ်များကအရေးပါကြောင်း၊ ကလပ်အသင်းများအနေဖြင့် ယခုထက်ပိုမိုတောင့်တင်းသော ဖွဲ့စည်းပုံများ ရရှိစေရန် ဖွဲ့စည်းကြစေလိုကြောင်း၊ AFC နှင့် တိုက်ရိုက်ဆက်စပ် လုပ်ဆောင် နေရသည့် Transfer Management System နှင့် Club Licensing များတွင် သတ်မှတ်ထားသည့် Regulations များကအသက်တမျှအရေးကြီးလှကြောင်း၊ Regulations များကို တမင်ချိုးဖောက်ခြင်း မဟုတ်သော်လည်း မတော်တဆ မှားယွင်းမှုကြောင့် လတ်တလောမှာပင် ဒဏ်ကြေး ဒေါ်လာ ၂၂၀၀၀ ပေးဆောင်ရရန် ရှိနေကြောင်း၊ ထို့ကြောင့် ဒီကနေ့အလုပ်ရုံဆွေးနွေးပွဲမှာ များစွာအရေးကြီးကြောင်း၊ တက်ရောက်သူများ အနေဖြင့် ကလပ်လိုင်စင်နှင့်အပြောင်းအရွှေ့ လုပ်ငန်းစဉ်များကို အဆင့်တိုင်းတွင် သေချာစွာ နားလည်သဘောပေါက်သွားရန် လိုအပ်သည့်အတွက် မသေချာပါက ရှင်းလင်းပြသသွားကြမည့် TMS မန်နေဂျာ ဦးအောင်မျိုးဇော်နှင့် Club Licensing မန်နေဂျာ ဦးမိုးသွင်ထွန်းတို့အားအားမနာတမ်း မေးမြန်းကြစေ လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တွင်အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များကို စတင်ပြုလုပ်ခဲ့ပြီး Club Licensing မန်နေဂျာ ဦးမိုးသွင်ထွန်းက ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီအတွင်း ကလပ်လိုင်စင် ကိစ္စများ ဖြည့်ဆည်းဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် သတိပြုရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြမှု ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ညနေ ၅း၀၀ နာရီထိ ပြုလုပ်သွားမည် ဖြစ်ပြီး နောက်ပိုင်းအစီအစဉ်များတွင် FIFA Transfer Management Systemအကြောင်း မိတ်ဆက်ခြင်းမှ စတင်ကာ FIFA TMS တွင် ကစားသမားအပြောင်းအရွှေ့ ပြုလုပ်ခြင်းများကို ရှင်းလင်းပြသသွားမည် ဖြစ်သည်။