Match Of This Week
ကစားသမားအများစုထွက်ခွာသွားသော်လည်းမကွေးအသင်း၏မူလပုံစံပျက်ယွင်းသွားမည်မဟုတ်ဟုဆို

နေ့ရက် : Aug 27, 2019
image

မကွေးအက်ဖ်စီအသင်းမှာ ပြီးခဲ့သည့် ရာသီအပြီးအဆင့် ၇ တွင် ရပ်တည်ခဲ့သည်။


MPT Myanmar National League 2019 ရာသီမတိုင်မီ လူဟောင်းကစားသမားအများစု ထွက်ခွာခဲ့သော်လည်း ယခင်ပုံစံပျက်ယွင်းသွားမည် မဟုတ်ဘဲ  မာကျောကျစ်လစ်၍ ပြိုင်ဘက်တိုင်းကို ရင်ဆိုင်နိုင်သည့်အသင်းတစ်သင်းအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း နည်းပြ ဦးဇော်ဝင်းထွန်းက ပြောကြားလိုက်သည်။


၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ရာသီအပြီးတွင် မကွေးအသင်း၏အဓိက ကစားသမားများဖြစ်ကြသည့် ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ မောင်မောင်စိုး၊ ဆက်ဖြိုးဝေ၊ စွမ်းထက်အောင်နှင့် ချိုထွန်းတို့မှာ အခြားအသင်းများသို့ ပြောင်းရွှေ့သွားခဲ့သည်။ ဦးဇော်ဝင်းထွန်းမှ နည်းပြချုပ်အဖြစ် ပြန်လည် တာဝန်ယူမည်ဖြစ်သည်။


“ မာမာထန်ထန်နဲ့ ပြိုင်ဘက်တိုင်းကို ရင်ဆိုင်နိုင်တဲ့အသင်း၊အသင်းတိုင်း လေးစားလောက်တဲ့အသင်းအဖြစ် ဆက်ပြီး တည်ဆောက်သွားမှာပါ။ ပြီးခဲ့တဲ့နှစ်ကထက်သာအောင်ကြိုးစား ပါမယ်” ဟု နည်းပြချုပ် ဦးဇော်ဝင်းထွန်းက ဆိုသည်။


မကွေးအသင်းအနေဖြင့်အထက်ပါ လူဟောင်းများ နေရာတွင် ပြန်လည်အစားထိုး ခေါ်ယူမှုအဖြစ် လက်ရွေးစင်ဟောင်းများဖြစ်သည့် ရှမ်းအသင်းမှ နေလင်းထွန်း၊ ဟံသာဝတီယူနိုက်တက်အသင်းမှ ပြည်မိုး၊ ဆောက်သမ်းမြန်မာအသင်းမှ စိုးမြတ်သူတို့အပါအဝင် ကျော်သူထွန်း၊ စိုးအာကာအောင်၊ နေမျိုးအောင်၊ ရဲဝင်းလှိုင် တို့ကို ခေါ်ယူအားဖြည့်ထားသည်။

“ခေါ်ယူထားတဲ့သူတွေက ကြိုးစားကြပါတယ်။အတွေ့အကြုံတော့လိုသေးတာပေါ့။ ဒါပေမယ့် မဖြစ်ဘူးဆိုပြီး ထားလို့မရဘူး။ ရအောင်လုပ်ရမယ်။အသင်းရဲ့ပေါ်လစီက လူငယ်တွေကို မွေးထုတ်ပေးချင်တာ။ လူငယ်တွေကနေ လက်ရွေးစင်အထိရောက်အောင် ထောက်ပံ့ပေးနိုင်အောင် လုပ်ဆောင်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


မကွေးအက်ဖ်စီအသင်းကို ပြီးခဲ့သည့် ရာသီက ဦးအောင်ဇော်မျိုးက နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သော်လည်း ယခုနှစ်တွင် နည်းပြချုပ်တာဝန်ကို ဦးဇော်ဝင်းထွန်းက ပြန်လည်လွှဲပြောင်း ရယူမည်ဖြစ်သည်။


Some text some message..