
မြန်မာနေရှင်နယ် လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်း၏အိမ်ကွင်းအဖြစ်အသုံးပြုလျက်ရှိသော တောင်ကြီး ပြည်နယ်အားကစားကွင်း၏ မြက်ခင်းအား ရှမ်းပြည်နယ်အစိုးရ၊ ပြည်နယ်အားကစားနှင့် ကာယပညာရန်ပုံငွေဖြင့်အဆင့်မြှင့်တင် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ ဧပြီလ ၂၄ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်သည် ရှမ်းယူနိူက်တက်အသင်း ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် လက်ရှိကွင်းပြင်ဆင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့ပြင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သွားရောက်တွေ့ဆုံနှုတ်ဆက်၍ ကွင်းပြုပြင်မှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်အနေဖြင့် လူမှုရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ပြည်နယ်အစိုးရနှင့်ပြည်နယ်အား/ကာဌာနတို့အနေနှင့် ယခုကဲ့သို့ မြန်မာ့ဘောလုံးအားကစားအတွက်အထောက်အကူပြုစေမည့် ယခုလုပ်ငန်းများကို စီမံဆောင်ရွက်ပေးခြင်းအတွက် များစွာကျေးဇူးတင်မိပါကြောင်း၊ ယခုကဲ့သို့ ကွင်းမြက်ခင်းအသစ်ပြန်လည်အဆင့်မြှင့်ပေးခြင်းနှင့်ကွင်းသစ်တစ်ခု တည်ဆောက်ပေးခြင်းမှာ ပြည်နယ်အတွက်ရော ရှမ်းယူနိုက်တက်အသင်းအတွက်ပါအကျိုးများစွာရှိရုံမကဘဲ မြန်မာ့ဘောလုံးအတွက်ပါ များစွာအထောက်အပံ့ဖြစ်စေခြင်းကြောင့် ကလပ်အသင်းကိုယ်စားပါ ကျေးဇူးတင်မိပါကြောင်း၊ ပြည်နယ်ကွင်းကြီးအဆင့်မြင့်လာပြီးအခြားဘောလုံးကွင်းသစ်များပါ ပေါ်ထွန်းလာပါက ရှမ်းပြည်နယ်အတွက်ရော နိုင်ငံအားကစားအတွက်ပါအလွန်အကျိုးရှိစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ရှမ်းယူနိူက်တက်အသင်း ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်းကလည်း ရှမ်းပြည်နယ်အစိုးရနှင့်ပြည်နယ်အား/ကာဌာနမှ ယခုကဲ့သို့ မိမိတို့အိမ်ကွင်းမြက်ခင်းကို နိုင်ငံတကာအဆင့်မီ ပြုပြင်ပေးခြင်းအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြက်ခင်းအသစ်ခင်းပြီးချိန်တွင်အခြားပြုပြင်စရာများရှိ လည်း မိမိတို့အသင်းအနေနှင့် တတ်နိုင်သည့်ဘက်က ပါဝင်ပူးပေါင်းပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွက် ဂုဏ်ပိုဆောင်နိူင်အောင် မိမိတို့အသင်းအနေ ဖြင့်လည်းအစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အတွက်အဓိက ဂုဏ်ဆောင်အားကစားကွင်းကြီးဖြစ်သည့် တောင်ကြီး ပြည်နယ်အားကစားကွင်း၏ မြက်ခင်းပြုပြင်မှုများမှာ လက်ရှိတွင်အချောသတ် မွမ်းမံခြင်းများ ပြုလုပ်နေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မေလပိုင်းတွင် ပြိုင်ပွဲများ စတင်ကျင်းပသွားရန် ရည်မှန်းထားသည်။