
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ယခင်ကျင်းပပြုလုပ်နေကျအောင်ဆန်းကွင်းအစား သုဝဏ္ဏကွင်းတွင် ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဗိုလ်လုပွဲစဉ် ကျင်းပနိုင်ရေးအတွက်အောင်ဆန်းကွင်းအားအသုံးပြုခွင့် ပေးရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ဖြစ်သော်လည်း ယနေ့တွင် မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေးအရာရှိချုပ်နှင့်အဖွဲ့သည်အောင်ဆန်းကွင်း၏အခြေအနေအား သွားရောက် ကြည့်ရှု စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကွင်းမြက်ခင်းပြင်အနေအထားမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကဲ့သို့အကြိတ်အနယ် ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပွဲစဉ်အား ကျင်းပသွားရန် မဖြစ်နိုင်သည့်အနေအထားတွင် ရောက်ရှိနေသည်ကို တွေ့ရှိရပါသည်။
လက်ရှိတွင် သမိုင်းဝင်အောင်ဆန်းအားကစားကွင်းအား သက်ဆိုင်ရာမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသော်လည်း ကွင်းမြက်ခင်းပြင်မှာ ပြိုင်ပွဲကျင်းပမည့် စက်တင်ဘာ ၂၁ ရက်မတိုင်မီအချိန်မီ ပြီးစီးနိုင်ဖွယ် မရှိသည့်အပြင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည့် ပြိုင်ပွဲဝင်နှစ်သင်းစလုံးကလည်း မြက်ခင်းကောင်းသည့် သုဝဏ္ဏကွင်း၌ ပြောင်းရွှေ့ကျင်းပပေးရန် တင်ပြတောင်းဆိုမှုများ ပြုလုပ်လာခဲ့ပါသည်။
ထို့ကြောင့်အောင်ဆန်းကွင်း၏ မြက်ခင်းပြင်အနေအထားကြောင့် သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်အဆိုပါ ကာလအတွင်း AFC U16 2020 ခြေစစ်ပွဲများကျင်းပနေမည် ဖြစ်ရာ ဗိုလ်ချုပ်အောင်းဆန်းဒိုုင်းဆု ဗိုလ်လုပွဲအား နောက်ဆုတ် ကျင်းပရမည် ဖြစ်ရာ ကျင်းပသွားမည့် နေ့ရက်အား မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုစဉ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို ၂၀၁၅ မှ စတင်ကာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ပြီး ဗိုလ်လုပွဲစဉ်တိုင်းကိုလည်း ၂၀၁၅ မှ ၂၀၁၈အထိအောင်ဆန်းကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။