
၁။
ကျုပ်နာမည်က ထင်ကျော် ၊ ကျုပ်မိန်းမကတော့ ခင်စီတဲ့။အရွယ်တွေက ၃၀စွန်းစွန်းတွေ။
ကျုပ်တို့လင်မယား တောမှာ မချောင်လည်လို့ ဆိုပြီး လင်ရောမယားပါ မြို့တက်ပြီး အလုပ်လုပ်ကြတာ အစောပိုင်းကတော့ ပြေလည်သားဗျ ...။
မြို့ရောက်ပြီး မကြာဘူး။ကံကောင်းချင်တော့ လင်မယားနှစ်ယောက်စလုံး လ္ဘက်ရည်ဆိုင်ကြီး တစ်ဆိုင်တည်းမှာ အလုပ်အတူတူ ရတယ်လေ။ မိန်းမက ထမင်းချက် ၊ ကျုပ်က စားပွဲထိုးပေါ့။
ဒီလိုနဲ့ ၂ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ လုပ်သက်လေးကလည်း ရင့်လာ၊ ကျုပ်ကလည်း ခိုင်းသမျှ ဖင်ပေါ့ပြီး လေ့လာလိုက်စားတတ်လေတော့ အီကြာကွေးတို့ ပလာတာတို့ ကြော်တဲ့ အကြော်ဆရာတစ်ယောက် ဖြစ်လာပြီ။
အကြော်ဆရာ ဖြစ်ပြီ ဆိုတော့ အရင်ကထက် လစာ ပိုတိုးလာတယ်ပေါ့ဗျာ။အဆင်ပြေစပြုလာတဲ့ ကျုပ်တို့ဘဝဟာ နေသာထိုင်သာ ရှိလာခဲ့ပါတယ်။
နောက်ထပ် ၂ နှစ်တာ ကာလအတွင်းမှာ ဆိုင်အိပ်ဆိုင်စား၊ လစာ အသားတင်ရတဲ့ ကျုပ်တို့လင်မယားမှာ ကလေးကလည်း မရှိဆိုတော့ အနည်းအကျဉ်း ပိုလျံလာပါရဲ့။အခုဆို ကျုပ်မိန်းမလည်ပင်းမှာ ဆွဲကြိုးလေး ခပ်ပါးပါး တစ်ကုံး နဲ့ လက်မှာ စတိလက်ကောက်လေးတစ်ရံ ဆင်နိုင်လာခဲ့ပါတယ်။ဒါ့အပြင် ငွေသားလေးလည်း လက်ထဲမှာ စုမိဆောင်းမိလာပါတယ်။
အလုပ်ကနေ ခဏတဖြုတ်နားရတဲ့ အချိန်လေးမှာ မြို့ပေါ်က တန်ခိုးကြီး ဘုရားပုထိုးတွေဆီ သွားပြီး၊ပန်း၊ဆီမီး၊သောက်တော်ရေ ကပ်လှူတယ်။ နဝကမ္မငွေ လှူတယ်။ ရွှေသင်္ကန်းကပ်လို့ရတဲ့ ဘုရားမှာ ရွှေသင်္ကန်းကပ်တယ်။
မန္တလေးမြို့က စာသင် သံဃာတော် ပေါမြားရာဖြစ်လို့ ရပ်ကွက်တိုင်းလိုလိုမှာ ဆွမ်းလောင်းအသင်းတွေ အပြိုင်အဆိုင် ရှိကြတယ်။
အဲ့ဒီတော့ ကျုပ်တို့လင်မယားဟာ ကျုပ်တို့ ရလာတဲ့ ချွေးနှဲစာလေးတွေကို ဒီဘဝအတွက် စုဆောင်းရုံမကဘူး။နောင်ဘဝအတွက်ပါ ဒါနမျိုးစေ့ ချတဲ့အနေနဲ့
ဆွမ်းလောင်းသင်းတွေမှာ သွားလှူတန်းလေ့ရှိတယ်။
ကိုယ်တိုင်ကိုယ်ကျ လောင်းလှူရတဲ့အခါ တကယ်ပဲ ကြည်နူးဝမ်းသာ ဖြစ်ရတယ်။ကုသိုလ်ကောင်းမှ ကံကောင်းဆိုသကိုး။
ဒီလိုနဲ့ ဘဝဟာ နေပျော်ရုံ ရှိသေး၊ ကျုပ်တို့လို လူတန်းစားအတွက် အင်မတန် ကြောက်ဖို့ကောင်းတဲ့ ရောဂါကပ်ဆိုးကြီးက ရုတ်တရက် ဝင်လာပါလေရော။
တစ်ကမ္ဘာလုံးကို ရက်ရက်စက်စက် မွှေနှောက် ဒုက္ခပေးတဲ့ ကိုဗစ် နိုင်းတီး ဆိုတာကြီးပေါ့။
မကြာပါဘူး ။ကိုမြင့်နိုင်ကြီး(ကိုဗစ်19) စမွှေပြီဆိုကတည်းက ကျုပ်တို့လင်မယားအဖို့ ကံဆိုးခြင်းတွေ စလာတော့တာပါပဲ။
ဘာလို့လဲဆို ကျုပ်တို့ လ္ဘက်ရည်ဆိုင်တွေ၊ ပါဆယ်ပဲ ရောင်းရတော့မယ်ဆိုတဲ့ ဒေသန္တရ အမိန့်ထွက်လာတယ်လေ။
ပါဆယ်ဆိုတာက ဆိုင်သောက်ဆိုင်စားလောက်တော့ ဘယ်လာ အထာကျပါ့မလဲ။ နေ့စဉ် သိန်းဆယ်ချီ ရောင်းနေရတဲ့ ကျုပ်တို့ လ္ဘက်ရည်ဆိုင်ရဲ့ ရောင်းအားဟာ တရစပ်ထိုးကျသွားတော့တာပေါ့။အဲ့ဒီတော့ ဆိုင်ရှင်သူဌေးက အလုပ်သမားတွေ လျော့ချပစ်လိုက်တယ်။
အဲ့ဒီမှာ ၊ ပထမဦးဆုံး ပြသနာက ကျုပ်မိန်းမ ခင်စီ လစာ မရတော့ဘူးဗျ။
တစ်ဆိုင်လုံးက စားပွဲထိုး အလုပ်သမားတွေလည်း ရွာပြန်ကုန်ကြပြီလေ။
ထမင်းဟင်းလည်း အရင်ကလို အိုးကြီးအိုးငယ် အသွယ်သွယ်နဲ့ ချက်စရာ မလိုတော့ဘူးကိုး။အဲ့ဒီတော့ ဆိုင်ရှင်ကတော်က ခင်စီကို ကျွေးရုံပဲ ကျွေးထားမယ် ၊ လစာတော့ မပေးနိုင်ဘူးလို့ တစ်ချက်လွှတ် အမိန့်ထုတ်လိုက်တယ်။ဆက်နေချင်သပဆို ယောက်ကျားနဲ့ အတူ နေပေါ့တဲ့။
ကျုပ်ကတော့ အကြော်ဆရာဆိုတော့ ဆက်ကြော်နေရတုန်းကိုး။လခလည်း ရနေတုန်းပါပဲ။ ဒါပေမယ့် လ္ဘက်ရည်ဆိုင်က အရင်လို ရောင်းမကောင်းတော့ပါဘူး။
ဆိုင်သောက် ဆိုင်စား မလာတော့ ဝင်ငွေက တရှိန်ထိုး ထိုးကျသွားတယ်။
သိပ်မကြာပါဘူး။ နှစ်လလောက်နေတော့။ ကျုပ်လည်း အလုပ်က အနားပေးခံရတယ်လေ။
ကျုပ်ဆိုင်ရှင်ဆရာသမားက နဂိုကတည်းက အောက်သက်ကြေလာသူဆိုတော့ ၊ အီကြာကွေးကို သူ့ဘာသာ သူပဲ ကြော်တော့မယ်။ အရင်လို ဆိုင်ဖွင့်ခွင့်ရမှ မင်းတို့လင်မယား ပြန်လာခဲ့ပါလို့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောပြီး ကျုပ်တို့လင်မယားကို အလုပ်က ဖြုတ်လိုက်တယ်။
ဘာတတ်နိုင်မှာတုန်း၊ အလုပ်မရှိတော့တဲ့နောက် မြို့မှာ ဆက်နေဖို့ မဖြစ်တော့ဘူးလေ။ လင်မယား ၂ယောက် အထုပ်လေးပိုက်ပြီး ရွာကို ပြန်ခဲ့ရတော့တာပေါ့။
ပြန်မယ့်ရက်မှာ ဆိုင်ရှင်ဆရာသမားကို ကျုပ်တို့ လင်မယားက ထိုင်ကန်တော့တော့၊ ဆရာသမားက မျက်ရည်တွေဝဲလို့ ၊ ကျုပ်တို့လည်း ဘယ်စိတ်ကောင်းပါ့မလဲ။၃နှစ်ကျော် အတူနေလာခဲ့ရတာကိုး။ခင်စီက ရှိုက်ရှိုက်ငိုရှာတယ်။ ကျုပ်ကတော့ ကျလာမယ့်မျက်ရည်ကို မျက်တောင်တွေ ပုတ်ခတ်ပစ်နေပြီး မချိတင်ကဲပေါ့ ။
နံနက် ၄နာရီထိုး ၊ မှောင်နဲ့မည်းမည်း ကားဂိတ်အထိ လိုက်ပို့ပေးတဲ့ဆရာသမားက... လိုင်းကားပေါ်တက်ခါနီး ကျုပ်တို့ လင်မယားကို စာအိတ်လေး တစ်အိတ် လက်ထဲ ထည့်ပေးသွားတယ်။ဆိုင်မှာ ပေးရင် မင်းတို့ လက်မခံမှာစိုးလို့ပါတဲ့။
ကျုပ်ကတော့ ဆရာကတော် မသိအောင် ပေးတာလို့ ထင်မိတာပဲ။ကျုပ်တို့ကို အလုပ်က အနားပေးရတာလည်း ဆရာကတော်ကြောင့်လို့ ခင်စီကတဆင့် သိထားတာကိုး။ဆရာကတော်က ကျုပ်တို့ အလုပ်သမားတွေအပေါ် စေတနာ နည်းတယ်လေ။
ကားထွက်တော့ ဆရာသမား ပေးခဲ့တဲ့ စာအိတ်လေးကို ဖောက်ကြည့်လိုက်တယ်။လမ်းဘေးမီးတိုင်က ဖြာကျလာတဲ့အလင်းရောင်အောက်မှာ တစ်သောင်းတန်လေးတွေ အရွက်၂၀။ နှစ်သိန်းပေါ့။ဒီချိန်ခါမှာ ငွေ၂သိန်းဟာ ကျုပ်တို့ လင်မယားအတွက် အရမ်း တန်ကြေးရှိတယ်ဗျ။ ကျေးဇူးတင်လွန်းလို့ ဆရာသမား ရှိမယ့်အရပ်ဘက်ကို ရည်မှန်းပြီး လက်ဆယ်ဖြာယှက်ခါမိုးပြီး ကန်တော့လိုက်ပါတယ်။ကျုပ်လိုပဲ ခင်စီကလည်း လိုက်ပြီး ကန်တော့ရှာတယ်။
ဒီလိုနဲ့ ၄နှစ်တာနီးပါး ကွန်းခိုခဲ့ရတဲ့ မန္တလေး ရွှေမြို့တော်ကြီးဟာ ကျုပ်တို့ စီးလာတဲ့ ဒိုင်နာလိုင်းကားနောက်မှာ တရွေ့ရွေ့ ကျန်နေခဲ့လေရဲ့ ။
_______________
၂။
ကားပေါ်မှာ ထိုင်စရာ နေရာ ရထားတဲ့ ကျုပ်တို့လင်မယား အတော်လေး ဟန်ကျတယ်ပြောရမယ်။ နောက်မှ ရောက်လာသူတွေက ကားပေါ် မိုးတိုးမတတ်တတ်မဟုတ်လား။
ကားက လိုင်းကားဆိုတာထက် ဈေးကားလို့ ဆိုရမလားပဲ။ ခုံနံပတ်တွေ ဘာတွေနဲ့ ကြိုတင် ရောင်းတဲ့ လိုင်းကားလည်း မဟုတ်ဘူး။ ဒိုင်နာကားကို ဘေးခုံတန်းရှည် နှစ်ခု ထည့်ထားတာ။ဦးရာလူ ထိုင်ပဲ။ ဈေးပတ်ကား ၊ကုန်တင်ကားလို့ပဲဆိုကြပါစို့။
ကုန်တွေတင်ထားများ ကားခေါင်မိုးပေါ်က ဝက်ခြံထဲလည်း အပြည့်၊ ဒါတင်လား မဟုတ်သေးဘူး။ အောက်မှာလည်း ကုန်တစ်ဝက် လူတစ်ဝက် ပြည့်ညပ်လို့။ လူတွေကို ငပိငချဉ်သိပ်လို့။ ဒီအထဲ ရောဂါပါတဲ့သူများ စီးလာရင် သေပဟလို့တောင် တွေးလိုက်မိသေး။
ကားစထွက်တော့ မှောင်ရီဖြိုးဖြဖြ ၊ အလင်းရောင် ကောင်းကောင်း မရသေးဘူး။ ကျုပ်တို့ထိုင်နေတဲ့နား အသက်ခပ်ကြီးကြီး ယောက်ကျားကြီးတစ်ယောက် ပိတ်ဖြူစနဲ့ ထုပ်ထားတဲ့ အထုတ်တစ်ထုတ်ကို မနိုင်မနင်း ကိုင်ထားရတာကို မြင်မကောင်းတာနဲ့ ...၊
"ဦးကြီး လာဗျာ ၊ ကျုပ်နေရာ လာထိုင်လိုက် ၊ ကျုပ် ကားနောက်မြီးမှာ သွား မတ်တတ်ရပ်စီးချေမယ် "
ဦးကြီးက ကျုပ်ဖယ်ပေးမယ့် နေရာကို ကြည့်တော့ ကျုပ်မိန်းမ ခင်စီကို တွေ့သွားတယ်။ လည်ပင်းမှာ ၁၀၈လုံးပါ စိပ်ပုတီးကြီးနဲ့ ဦးကြီးဟာ ခင်စီနဲ့ အသားချင်းကပ် ထိုင်ရမှာကို အားနာနေပုံပဲ။ ဒါကြောင့် မထိုင်တော့ပါဘူး တူမောင်ရယ်လို့ ငြင်းလာတယ်။
ကျုပ်တို့နယ်ဘက်က 'လူသူတော်'များဟာ အဲ့သလိုပဲ ။ မာတုဂါမများနဲ့ ပူးပူးကပ်ကပ် မနေကြဘူး။ ဒီဦးကြီး ကြည့်ရတာလည်း အဲ့သလို လူသူတော်နဲ့ တူပါရဲ့။
" ဒါဖြင့် ဦးကြီး လက်ထဲက အထုပ်ကို ကျုပ်တို့ ပေးထားပါလား။ ဆင်းခါနီးတော့ ပြန်ယူပေါ့ "
ဖျင်တဘက်ကို ခေါင်းမှာ အကျအနပေါင်း၊ ခပ်နွမ်းနွမ်း ဗမာတိုက်ပုံတစ်ထည်ကို ဝတ်ထားတဲ့ ဦးကြီးက ကျုပ်တို့ လင်မယားနှစ်ယာက်ကို အသေအချာ ကြည့်တယ်။ပြီးတော့ ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြပြီး ...
" ကျေးဇူးပါ မောင်ရာ၊ သဟာဖြင့် ဒီအထုပ်ကို မောင်တို့ဆီ အပ်ပါတယ် ၊ အသေအချာအလေး ဂရုစိုက်ပေးပါ့ကွယ်၊
တစ်ပါးအခက်အခဲကို ကူညီတတ်တဲ့သူများဟာ ဘယ်တော့မှ မဆင်းရဲဘူး။သာဓု သာဓု သာဓုပါကွယ် "
ဒီလိုနဲ့ ဦးကြီးလက်ထဲက အထုပ်ဟာ ကျုပ်ပေါင်ပေါ် ရောက်လာတယ်။ သိပ်တော့ မလေးပါဘူး။ ထိုးထိုးထောင်ထောင်နဲ့ဆိုတော့ ရုပ်တုတစ်ခု ဖြစ်မယ်လို့ ခန့်မှန်းမိတယ်။
တစ်ခု ထူးခြားတာက ရုပ်တုကို လက်ထဲစပြီး ကိုင်လိုက်ရတည်းက ၊ ကျုပ်တို့ လင်မယားနှစ်ယောက်ဟာ အလွန်တရာ မွှေးကြိုင်လန်းဆန်းတဲ့ ပန်းအမွှေးနံ့သာ တစ်မျိုးကို ထင်ထင်ရှားရှားကြီး ရှုရှိုက်မိလိုက်ကြတာပဲ။
ခင်စီ နုတ်ကနေ လွှတ်ကနဲ ...
" အို ! ဘာနံ့လေးလဲ ၊အနံ့လေးက မွှေးလိုက်တာတော် "
ကျုပ်လည်း ခင်စီ့စကားကို ထောက်ခံလိုက်မိတယ်။
" အေးဟာ ဟုတ်ပါရဲ့ ... မွှေးလိုက်တာ "
ကျုပ်စိတ်အထင်တော့ နံ့သာရေမွှေးတစ်ခုခုလို့ အောက်မေ့မိတာပဲ။ ရုပ်တုကို ပက်ဖျန်း ပူဇော်ထားတာ ဖြစ်လိမ့်မယ်ပေါ့။
ကျုပ်တို့ လင်မယားနှစ်ယောက် သတိမထားမိတာက ၊ကျုပ်တို့လင်မယားရဲ့ ဖြစ်ပျက်နေပုံကို ဦးကြီးဟာ ကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးနေတာကိုပဲပေါ့ ။
နောက်တော့ ဘယ်လို ဖြစ်တယ် မသိပါဘူး။ ကျုပ်ရော ခင်စီပါ မျက်တောင်တွေဟာ လေးပြီး မှေးစင်းလာကြတယ်။
မနက်က အစောကြီး ထပြီး ကားဂိတ်မှာ နေရာဦးခဲ့ရတာဆိုတော့ အိပ်ရေးပျက်ထားတယ်လေ။အဲဒါကြောင့် အခု ကားက အိပက်အိပက်နဲ့ ပုခက်လွဲသလို မောင်းနေတော့ ကျုပ်တို့လင်မယားလည်း ကားပေါ်မှာ တစ်ယောက်ကိုယ် တစ်ယောက် မှီတွယ်ရင်း အိပ်ပျော်သွားကြပါတော့တယ်။
________________
၃။
နေ့ ၁၀နာရီခွဲ 'သီးကုန်း' လမ်းခွဲကို ရောက်တော့ ကားက ခဏတဖြုတ် နားတယ်။ အဲ့ဒီရောက်မှပဲ ကျုပ်တို့လည်း နိူးတော့တယ်။
ကားပေါ်က လူတွေ အောက်ကို အကုန်ဆင်းကုန်ကြပြီ။ ကားက ထမင်း၊ဟင်းမျိုးစုံ၊လ္ဘက်ရည်၊ကော်ဖီ၊အအေးမျိုးစုံ ရတဲ့ဆိုင်ရှေ့မှာ နားတာဆိုတော့ ၊ ကားပေါ်ကခရီးသည် အချို့လည်း ဆိုင်ထဲဝင် အပေါ့အပါးသွားကြ၊ အချို့လည်း စားကြသောက်ကြပေါ့ ။
" ကိုထင်ကျော် ... ဦးကြီးကိုလည်း မတွေ့ပါလားတော့ "
" အေး ဟုတ်တယ်၊ ကားပေါ်က ဆင်းသွားသမျှ လူတွေ အကုန် ငါ လိုက်ကြည့်နေတာ ဦးကြီးကို မမြင်မိဘူးဟ "
ဆိုင်ထဲကို ကျုပ်ရော ကျုပ်မိန်းမပါ မျက်စိလျင်လျင်ထားပြီး ရှာကြည့်ပေမယ့် မနက်က ဖျင်တဘက်ခေါင်းပေါင်းနဲ့ လူသူတော်ကြီးကို မတွေ့ရတော့ဘူး။
ကျုပ် ပေါင်ပေါ်မှာက အဲ့ဒီဦးကြီး အပ်သွားတဲ့ အထုပ်ကြီး။ အပေါ့အပါး သွားချင်လို့ ကားပေါ်က ဆင်းချင်တာတောင် ဒီအထုပ်ကြီးနဲ့ ကို့ယို့ကားယား ဖြစ်နေကြတာပေါ့။ ဒါနဲ့ အထုပ်ကို တစ်လှည့်စီ ထိမ်းသိမ်းကြမယ်ဆိုပြီး ၊ ကျုပ်က အရင်ဆင်းလာခဲ့တယ်။
စားသောက်ဆိုင်တစ်ခုလုံးမှာ ကျုပ်တို့ ကားပေါ်က လူတွေပဲ ပြည့်နေတယ်။ ဒါပေမယ့် အထုပ်အပ်သွားတဲ့ ပိုင်ရှင် ဦးကြီးကိုတော့ မတွေ့ရဘူး။
နောက်ဖေးမှာ အပေါ့သွားရင်းနဲ့ စပါယ်ယာကောင်လေးနဲ့ဆုံတော့ ကျုပ်က အလောတကြီး မေးလိုက်တယ်။
" ဟာ ညီလေး ၊ အစ်ကိုတို့ကားပေါ် ပါလာတဲ့ တိုက်ပုံအကျႌနဲ့စိပ်ပုတီးကြီးလည်ပင်း ဆွဲထားတဲ့ လူသူတော်ကြီးကို မမြင်မိဘူးလား။ လမ်းခုလပ်မှာများ ဆင်းသွားသေးလား "
စပယ်ယာကောင်လေးက အူကြောင်ကြောင် မျက်နှာပေးနဲ့ ၊ စဉ်းစားဟန်ပြုပြီး၊
" ဘယ် လူသူတော်ကြီးလဲ အစ်ကိုရ၊ ကားစထွက်ကတည်းက အစ်ကိုပြောသလို လူမျိုးကို ကျနော် သတိမထားမိပါဘူး ။ ပြီးတော့ လမ်းခုလပ်မှာ ဆင်းတဲ့ ခရီးသည်လည်း မရှိဘူးနော် အစ်ကို "
ဒီတစ်ခါ အူကြောင်ကြောင် ဖြစ်သွားရတာက ကျုပ်ပဲပေါ့။ စပယ်ယာလေး ပြောသလိုဆိုရင် ကားက ဂိတ်ကစထွက်ကတည်းက လူသူတော်ဦးကြီး ပါ မလာဘူးဆိုသည့်သဘော ဖြစ်နေတယ်။
ဒါဆိုရင် ကားပေါ်မှာ လူသူတော်ကြီးကို မြင်ရသူ ဘယ်နှစ်ယောက် ရှိမလဲ စဉ်းစားစရာပင်။
ဒီလိုနဲ့ ကားပြန်ထွက်တဲ့အခါ အနီးအပါးက လူတွေကို ကျုပ်တို့လင်မယားဟာ ထပ်စုံစမ်းကြည့်ပြန်တယ်။
မထူးလာပါဘူး။ အနီးနားက လူတွေကလည်း ကျုပ်တို့လင်မယား မြင်တွေ့ခဲ့ရတဲ့ လူသူတော်ဦးကြီးဆိုတာကို ဘယ်သူကမှ မမြင်တွေ့ခဲ့မိကြပါဘူးတဲ့။ အားလုံးက ကျုပ်တို့လင်မယားကို အထူးအဆန်းလိုပဲ ကြည့်နေကြတယ်လေ။
နောက်ဆုံး ရွာရောက်တဲ့အခါ ၊ ကျုပ်တို့ လင်မယားဟာ လူသူတော်ကြီးပေးအပ်ထားခဲ့တဲ့ အထုပ်တစ်ထုပ်ကို ပိုက်လျက် ကားပေါ်က ဆင်းခဲ့ရတယ်။
အမေ့အိမ် ရောက်တဲအခါ ၊ လူသူတော်ကြီး အပ်နှံသွားတဲ့ အထုပ်ကို ဖြည်ကြည့်ကြတယ်။
အထုပ်ထဲမှာ သစ်သားနဲ့ ထုဆစ်ထားတဲ့ နတ်ရုပ်တုတစ်ခုကို တွေ့ရတယ်။ အတော်ပဲ ရှေးကျတဲ့လက်ရာမွန်တစ်ခုပဲဗျ။ အချွန်အတက်တွေ နတ်ဝတ်တန်ဆာတွေ ပြည့်စုံကုံလုံစွာ ထုဆစ်ထားတာကိုလည်း တွေ့ရတယ်။
နတ်ရုပ်တုရဲ့ လက်နှစ်ဖက်မှာက ကန်တော့ချိုးသဏ္ဍာန်ကိုင်ဆောင်ထားတဲ့ ခရုသင်းတစ်ခုပါတယ်။
အဓိက ထူးခြားမှုက နတ်ရုပ်ရဲ့မျက်နှာပဲ ၊ သေချာကြည့်လေ နတ်ရုပ်ရဲ့မျက်နှာက ကားပေါ်မှာတွေ့ခဲ့ရတဲ့ လူသူတော်ဦးကြီးရဲ့မျက်နှာနဲ့ တစ်ထေရာတည်း တူနေတယ်။ ကျုပ်တို့ လင်မယား ၂ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အံဩနေမိကြတာပေါ့။
နောက်တော့ လင်မယားနှစ်ယောက်ဟာ အဲ့ဒီနတ်ရုပ်တုကို ဘယ်မှာ ထားရမလဲဆိုတဲ့ နေရာ ပြသနာကို အရင်ဆုံး ဖြေရှင်းရတော့တယ်။
ဒီကနေ့ညတော့ ကျုပ်တို့ လင်မယား ညအိပ်တဲ့ အိပ်ယာခေါင်းရင်းမှာ တရိုတသေ ထားရန် ဆုံးဖြတ်လိုက်ပါတယ်။
ပြတင်းပေါက်ကနေ မြင်နေရတဲ့ အမေ့ ခြံဝိုင်းထဲက ကုက္ကိုပင်ကြီးကို ကျုပ် မျက်စိရောက်သွားတယ်။ နောက်တစ်နေ့ မနက်ကျရင်တော့ အဲ့ဒီအပင်ကြီးမှာပဲ နတ်ရုပ်တုထားရန် ကွန်းခိုရန် နတ်ကွန်းလေးတစ်ခုကို လက်သမားဆရာခေါ်ပြီး ဆောက်လုပ်ခိုင်းရမယ်လို့ အကြံရသွားတယ်။
ဒီလိုနဲ့ ညဘက် မိသားစုတွေ စုံလင်ကြတဲ့အခါ နတ်ရုပ်အကြောင်း မေ့ထားလိုက်ကြတယ်။မိသားစုတွေဆိုတာက ၊ ညီမအေးချိုတို့ လင်မယားရယ်၊ အမေနဲ့ ညီတော်မောင် အငယ်ဆုံးကောင် ခင်ကျော်ရယ်ပေါ့။ အမေက စ မေးတယ်။
" ထင်ကျော် နင်တို့လင်မယား ရှေ့ဆက် ဘာလုပ်စားကြမလဲ ၊ အရင်လို နင့်ညီ အငယ်ကောင်နဲ့ တောင်သူပဲ ပြန်လုပ်မလား။ အမေတို့နဲ့ ဝိုင်းလုပ်ဝိုင်းစားပေါ့ကွယ် ၊ မြို့မှာ အရင်လို အခြေကောင်းတော့ ပြန်ချင်ပြန်ပေါ့။
နင့်ညီနဲ့ တွဲမလုပ်ချင်ရင်လည်း နင့်ညီမတို့လင်မယားနဲ့ လယ်ထဲဆင်းပေါ့။နင့်ညီမ အေးချိုတို့လည်း မနှစ်က သူတို့လယ်ကို လူငှားနဲ့စိုက်ရပျိုးရရှာတာ ၊ ဒီနှစ် နင်တို့လင်မယားရောက်လာပြီဆိုတော့ ငှားစရာ မလိုတော့ဘူးပေါ့ "
အေးချိုဆိုတာက ကျုပ်နှမ ။ သူမယောက်ကျား ထွန်းဇံဆိုတာကလည်း ကျုပ်နဲ့ ငယ်ပေါင်းသူငယ်ချင်း ။ သူတို့က ကိုယ်ပိုင်လယ်ယာ ရှိလေတော့ စီးပွားရေး ချောင်လည်တယ် ပြောရမယ်။
ယောက်ဖဖြစ်သူက သူ့လယ်မှာ ဒိုးတူပေါင်းဖက် လာလုပ်ပါလို့ ဟိုးအရင်ကတည်းက ခေါ်နေတာ၊ ကြာပြီ။
ကျုပ်ကလည်း လယ်သမား သားသမီးသာ ပြောတယ်။ လယ်ထဲကို မဆင်းချင်တော့တာ။
ဒါပေမယ့် အမေ စိတ်ချမ်းသာအောင် ကျုပ် ခေါင်းကို ငြိမ့်ပြလိုက်ပါတယ်။
" ဘာ အလုပ်မှ မရှိရင် လယ်ထဲ ဆင်းရုံပေါ့ အမေရယ် ။ အခုလောလောဆယ်တော့ ရွာထဲအခြေအနေကို ကြည့်ပါဦးမယ်လေ ၊ တပတ်တန်သည် ဆယ်ရက်ရက်တန်သည်တော့ နားဦးမယ် အမေရာ "
" အေးပါ ငါကလည်း မင့်ကို အခုပဲ လယ်ထဲဆင်းရမယ်လို့ ပြောနေတာမဟုတ်ပါဘူး ။ အလုပ်မရှိဘူး တွေးပြီး အားငယ်နေမှာစိုးလို့ပါ "
" နေပါဦး အမေရ ၊ စေတီဟောင်း တောင်ဘက်က အမေ့ လယ်ကွက်တွေက ရောင်းထားတာလား ၊ ကျုပ် အလာတုန်းက ကြည့်ခဲ့တာ ၊ ဘာမှ စိုက်ပျိုးမထားဘူးပဲ၊ကျုပ်မြင်တာတော့ တောထနေပြီ "
အမေက ပြူးပြူးပြာပြာနဲ့ ...
"အောင်မယ်လေး ရောင်းချင်တောင် ဝယ်မယ့်သူ မရှိပါလားတော် ... အဲ့ဒီ လယ်၃ဧကက ခိုက်တယ်လို့ နာမည်ကြီးနေတာ ကြာပေါ့။ မင်းညီ အငယ်ကောင် ခင်ကျော်သာ မေးကြည့်ပါတော့"
ခင်ကျော်က လူပျို ။ အမေနဲ့ တစ်စီးပွားတည်း။ သူတို့ အကြီး၂ယောက် အိမ်ထောင်ကျတော့ အမေက ရှိတဲ့ လယ်တွေကို အညီအမျှ ခွဲဝေပေးပြီးသား။
စေတီဟောင်း တောင်ဘက်က လယ်က ၃ဧကလောက် ရှိလိမ့်မယ်။အဲ့ဒီလယ်တွေကို အမေက အငယ်ဆုံးသား ခင်ကျော်ကို ပေးခဲ့တယ်။ကျုပ်တို့ အကြီး၂ယောက်ကလည်း သဘောတူခဲ့ကြတယ်။
အငယ်ဆုံးကောင် ခင်ကျော်က၊
" အဲ့ဒီလယ်က အရမ်းခိုက်တယ် အစ်ကိုရ ၊ ပထမနှစ်က ကျုပ်နွားလေး လယ်ထဲ လှန်းထားတာ ရှေ့လက်ကျိုးတယ် ၊ နောက်တစ်ကောင်ကျ မြွေပေါက်လို့ သေပါလေရောလား ၊ပြီးတော့ အဲ့ဒီလယ်တွေပဲ ကွက်ပြီး ဖျက်ပိုး မနိုင်အောင်ကျတယ်၊ ဆေးလည်း ဖျန်းပါရဲ့နဲ့ ။ နှစ်နှစ်ဆက်တိုက် ခွက်ခွက်လန်အောင် ရှုံးမှတော့ ကျုပ်လည်း အဲ့ဒီလယ်ကို မစိုက်ရဲတော့ဘူးလေ ၊ ဒါကြောင့် ပြီးခဲ့နှစ်ကတည်းက စေတီဟောင်းလယ်တွေကို လှည့်ကို မကြည့်တော့တာ "
ဒီလိုသာဆို စေတီဟောင်းအနီးက လယ်တွေဟာ သူတို့အတွက် ခေါင်းခဲစရာ ဖြစ်နေတယ်။
အငယ်ကောင် ခင်ကျော်က သူ့အား ကြည့်နေတာ တစ်မျိုးပဲလို့ တွေးမိတယ်။ သူ့အား လူမသိစေလိုသော လျို့ဝှက်သော စကားတို့ ပြောရန် ရှိနေပုံပဲ။
ဒါကြောင့် စကားဝိုင်းခွဲတော့ ၊ ခြံထဲက ကွပ်ပျစ်ပေါ်မှာ ညီအစ်ကို ၂ယောက်သား စကားဆက်ပြောဖြစ်ကြပြန်တယ်။
" ခုနက လူတွေ များနေလို့ ကျနော် မပြောတာ အစ်ကို ၊ စေတီဟောင်းတောင်ဘက်က လယ်ကွက်တွေက စိုက်မယ့်ပျိုးမယ့်သူတွေကို တကယ်ခိုက်တယ် ။ ပြီးတော့ ... ပြီးတော့ "
အငယ်ကောင်က စကားကို ဆက် မပြောသေးပဲ ဟိုဟိုဒီဒီ ရှောက်ကြည့်နေသေးတယ်။ အဲ့ဒါ ကျုပ်က စိတ်မရှည်သလိုနဲ့ ဘာလဲ ဆက်ပြောလေ ဆိုတော့မှ ။
" တောင်ဖျားဆုံးက လယ်ကွက်က သရဲ အရမ်း ခြောက်တယ် အစ်ကို ။ အဲ့ဒီလယ်မှာ သရဲသိုက် ရှိတယ်လို့ လူတွေ ပြောနေကြတယ် "
" ဟေ! ဘာသိုက် "
"သရဲသိုက်တဲ့အစ်ကိုရ ၊ အဲ့ဒီလယ်မှာ မကောင်းဆိုးဝါးတွေ ကျက်စားနေကြတာများ အများကြီးလို့ ပြောကြတာဗျ "
" နေပါဦး ... မင်းကရော အဲ့ဒီလယ်မှာ မကောင်းဆိုးဝါးကို မြင်ဖူးလို့လား "
ခင်ကျော်က အစ်ကိုဖြစ်သူ၏ မေးခွန်းကို ကြားရသည့်အခါ တံတွေးကို ဂလုကနဲ မြိုချလိုက်ရင်း ...
" ဘာပြောကောင်းမှာလဲ အစ်ကိုရ ၊ မြင်ဖူးပြီလားဗျာ ၊ မြင်ပြီးနောက် ရက်တပတ်လောက် အိပ်ယာထဲ လဲတော့တာပါပဲ ။ ကြောက်ဖျား ဖျားတယ်ဆိုပါတော့ "
ခင်ကျော်က သူ သရဲအခြောက်ခံရပုံကို ကျုပ်ကို လုံးစေ့ပတ်စေ့ အကုန် ပြန်ပြောပြရှာပါတယ် ။ သရဲ ခြောက်ခံရပုံကတော့ ...
_____________
၄။
တစ်နေကုန် လယ်ယာအလုပ်တွေကို လုပ်ကိုင်နေရာမှ နေလုံးပင် အနောက်ဘက် တောင်စွယ်များဆီသို့ ဝင်လုလု ရှိနေပြီကို မှောင်စပျိုးလေမှ ခင်ကျော် သတိထားမိသွားခဲ့ပါသည်။
အမေပင် ဘယ်အချိန်က ပြန်သွားသည် သတိ မပြုမိလိုက်ခဲ့။လယ်ကွင်းထဲတွင် သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
" အင်းလေ ညနေစာ ချက်ရပြုပ်ရဦးမှာဆိုတော့ ပြန်နှင့်ပြီ နေမှာ ၊ အမေကလည်း သားအမိနှစ်ယောက်တည်းများ ဘယ်အချိန် ချက်ချက် ရနေတာကို ပြန်သွားနှင့်တယ် "
ခင်ကျော် ဟာ သိမ်းဆည်းစရာ ရှိတာတွေ သိမ်း၏။ အချိန်က နေဝင်ဆည်းဆာ မက၊ မကြာမတင်မှာ မှောင်လုပြီ ဖြစ်ပါ၏။ ပစ္စည်းတွေ အကုန်သိမ်းဆည်းပြီးကာမှ ကန်သင်ရိုးဘေး နေပူစာတွင် သူ နေ့ခင်းက ရထားသည့် လယ်ကြွက်ကြီး ၃ကောင်ကို ရင်ခွဲ နေလှန်းထားခဲ့တာ သတိ ရသွားသည်။
မြင်သားကြားသား မစားသည့် အမေကတော့ ယူသွားလိမ့်မည်မဟုတ်ချေ။
သူ ပြန်မှ ယူလာမည်ကို သိ၍ ချန်ထားသွားပေလိမ့်မည်။ ခင်ကျော်ကလည်း အိမ်ရောက်မှ လယ်ကြွက်ကို အနေတော် တုံးတစ်၍ ငရုတ်သီးလေးဖြင့် ကိုယ်တိုင် ခပ်စပ်စပ်ကြော်ပြီး၊ကန်စွန်းချဉ်ရည် အရည်သောက်လေးဖြင့်ညနေစာ အားပါးတရ လွေးမည်ဟု စဉ်းစားထားလေ၏။တွေးရင်းပင် ဗိုက်ထဲက ဆာသလိုလို ဖြစ်လာရသည်။
သူ လယ်ကြွက်များကို အရေစုတ်၍ ဝါးတံစို့ ထိုး ၊ နေလှန်းထားခဲ့သော လယ်ကန်သင်ရိုးမှာ တောင်ဖျားဆုံးက လယ်ကွက် ဖြစ်၏။ ထို့ကြောင့် တောင်ဖျားဆီသို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။
သူ လယ်ကန်သင်းရိုးကို မရောက်ခင် ဝါးနှစ်ပြန်လောက် အကွာအဝေးတွင် ထိတ်ကနဲ မြင်လိုက်ရသော မြင်ကွင်းကြောင့် ရပ်တန့်သွားခဲ့သည်။
မြင်ရသည်က ၊ သူ နေ့ခင်းက လှန်းထားသော လယ်ကြွက်တံစို့များအနီးတွင် မည်းမည်း စုပ်ဖွားကြီး ၃၊၄ကောင်ခန့်သည် ကုန်းကုန်းကွကွဖြင့် သူ့အား ကျောပေးအနေအထားဖြင့် စုရုံးနေကြခြင်း ဖြစ်သည်။
တောဝက်မည်းမည်းကြီးတွေ ရွံနွံတိုးနေသည့်ပမာပင်။ဒါပေမယ့် သူတို့ကိုယ်ပေါ်က မသတီစဖွယ် အမွှေးအမှင် ရှည်ကြီးတွေက တောဝက်မဟုတ်မှန်း သိသာထင်ရှားနေစေသည်။
" မြတ်စွာဘုရား ! ဘာကြီးတွေလဲ "
ခင်ကျော်သည် ပါးစပ်ကနေ လွှတ်ကနဲ အသံထွက်ကာ ဘုရားတလိုက်မိသည်။
သူ့အသံကြောင့်လား မသိ။ ထို ကုန်းကွကွ စုရုံးနေသော မည်းမည်း စုပ်ဖွားကြီးများသည် ခင်ကျော်ဘက်သို့ ခေါင်းထောင်ထကာ ကြည့်လာကြသည်။
ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန်ကြီးများနှင့် မကောင်းဆိုးဝါးများပင်။မျက်လုံးပြူးကြီးများ၊ အစွယ်ဖွေးဖွေးများသည် မြင်ရသူကို အသဲအူတွေ ပြုတ်ခမန်းလိလိ ထိတ်လန့်ကြောက်ရွံစေ၏။
၎င်းတို့၏ ပါးစပ်များတွင်၎င်း၊ လက်ထဲတွင်၎င်း နေ့ခင်း ရင်ခွဲ နေလှန်းထားသော လယ်ကြွက်ကြီးတွေ၏ အသားစများက တန်းလန်း တန်လန်း ရှိနေကြသည်။ မကောင်းဆိုးဝါး သရဲများသည် သားစိမ်းများကို မြန်ယှက်စွာ စားသောက်နေကြခြင်း ဖြစ်သည်။
၎င်းမကောင်းဆိုးဝါးများသည် လှည့်အကြည့်တွင် ခင်ကျော်အား မြင်တွေ့သွားကြလေပြီ။၎င်းတို့ အားလုံးသည် မတ်တတ် ထရပ်လိုက်ကြသည်။
ခင်ကျော် ဘာသံမှ ထွက်မလာရဲအောင် ဆွံ့အသွားလေသည်။ အဘယ်ကြောင့်ဆိုသော မတ်တတ်ထရပ်လာသော မကောင်းဆိုးဝါးကြီးများမှာ သူ၏ မျက်စိရှေ့မှောက်မှာပင် တဖြေးဖြေး ဝါးတစ်ပြန်လောက် ရှည်လျား မြင့်မားသော အရပ်ကြီးများကို ဖန်ဆင်းခြောက်လှန့်လာသောကြောင့် ဖြစ်သည်။
ခင်ကျော် လည်း ဘာသားနဲ့ ထုထားလို့လဲ။ ကြောက်ရွံစွာ ပြေးလေပြီ။ စီးထားသော ဖိနပ်ပင် ဘယ်နေရာ ကျွတ်ကျကျန်ခဲ့သည်ကို သတိမထားမိတော့ချေ။ ရှိသမျှ အားအင်ကို သုံး၍ ရွာထဲအရောက် ခြေကုန် သွန်ကာ ပြေးထွက်လာခဲ့သည်။
အမေ့အိမ် ရောက်သည့်အခါ ခင်ကျော်ခမျာ မောပမ်း ကြောက်ရွံလွန်း၍ အိမ်ရှေ့ ခံပြင်တွင် ဗိုင်းကနဲ ပစ်လဲတော့လေ၏။
အမေကတော့ အိမ်နီးချင်းတွေကို ဟစ်အော် အကူအညီ တောင်းရတာပေါ့။
သူ့သားက ဘာဖြစ်လာလဲမှ မသိတာ။
နောက်တော့ နားလည်တဲ့သူက တိုင်းရင်းဆေးဆရာကြီး ဦးစံမြင့်ကို ပင့်ပေးကြသတဲ့။
______________
၅။
ညီအစ်ကို ၂ယောက်ဟာ ပြောစရာကုန်တာနဲ့ အသီးသီး အိပ်ယာဝင်ခဲ့ကြ၏။
ထင်ကျော် အိပ်ယာထဲရောက်တော့ မခင်စီက အိပ်ပျော်နေပြီ။
ထုံစံအတိုင်း ခင်ကျော်ဟာ ဘုရားတရားမြဲသူပီပီ ၊ ဩကာသကန်တော့ချိုးမှစ၍ ပရိတ်ကြီး ၁၁သုတ် ပြီးစီးသည်အထိ ရွတ်ဖတ် ပူဇော်ကန်တော့ပါသည်။
အားလုံး ပြီးစီးသည့်အခါ ဝေနေယျ သတ္တဝါအားလုံးကို မေတ္တာပို့ အမျှဝေ၏။
အဲ့သလို အမျှဝေရာမှာ ထင်ကျော်သည် သတိတရဖြင့် သူ့ခေါင်းရင်းက နတ်ရုပ်တုကြီးကို အာရုံ စူးစိုက်ပြီး မေတ္တာပို့၏။ကုသိုလ် အမျှအတန်းပေးဝေ၏။
မခင်စီဟာ မအိပ်ခင်မှာ နတ်ရုပ်ကြီးကို အမွှေးတိုင်၊ ဆီမီးများနဲ့ တလေးတစား ပူဇော်သွားခဲ့ပုံရ၏။
ဆီမီးနှင့်အမွှေးတိုင်တို့ မငြိမ်းသက်သေးပေ။ဆီမီးရောင်ကြောင့် နတ်ရုပ်ကြီး၏ မျက်နှာတော်မှာ ဝင်းပနေ၏။လူလိုဆို ကျေနပ်နေသယောင်ပင်။
ထင်ကျော်သည် နတ်ရုပ်ကြီးကို ဦးချ ကန်တော့လိုက်သည်။
နောက်ပြီးတော့ ထင်ကျော်သည် ညီတော်မောင်၏ စေတီဟောင်းမြေအနီးက လယ် ၃ဧက ရဲ့ ပြသနာကို နတ်ကြီးက ရှင်းပေးနိုင်ပါက ရှင်းပေးပါ၊ ကူညီ မှိုင်းမပေးတော်မူပါဟု တောင်းပန် ကန်တော့ ဆုတောင်းလေ၏။
ထင်ကျော် ဒီလိုတွေ လုပ်တယ်ဆိုတာက သူ့ အတွေးစိတ်မှာ လက်ခံထားတာ တစ်ခုရှိနေ၏။ အဲ့ဒါကို သူက သူ့မိန်းမကိုပင် ဖွင့်မပြောခဲ့ပေ။
အဲ့ဒါကတော့ တခြားမဟုတ်ဘူး ၊ အခု သူတို့ လက်ထဲ ရောက်နေတဲ့ နတ်ရုပ်တုကြီးဟာ ရှေး ရေစက်ကြောင့် ရောက်နေတာပဲ ဖြစ်မယ်ပေါ့။ ဒါမျိုးဆိုတာက တိုက်ဆိုင်မှု တစ်ခုတည်းတော့ မဖြစ်နိုင်ဘူးမဟုတ်လား။
နတ်ရုပ်တုကြီး သူတို့လင်မယားထံ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး အပူဇော်ခံ ကြွလာတာဟာ ဘယ်နည်းနဲ့မှ တိုက်ဆိုင်မှု တစ်ခု မဖြစ်နိုင်။
သူတို့မှာ ရှိနေတဲ့ အခက်အခဲကို ကူညီဖို့ ကြွမြန်းလာတယ်လို့ပဲ သူ ယုံကြည်ထားလေ၏။ အခု လောလောဆယ် သူ့မှာ အလုပ်အကိုင် မရှိသေးတာကလွဲပြီး ကြီးကြီးမားမား အခက်အခဲ မရှိ။
ဒါကြောင့် ထင်ကျော်ဟာ သူ့အခက်အခဲထက် ညီတော်မောင်ခင်ကျော်ရဲ့ ခိုက်နေသော လယ်ဧကတွေ အခက်အခဲကို အရင်ဆုံး အကူအညီ တောင်းခံရန် ဆုံးဖြတ်လိုက်တာ ဖြစ်သည်။နတ်ရုပ်ကြီးထံမှာ ဆုတောင်းပြီးနောက် ထင်ကျော်သည် မခင်စီနံဘေး နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေတော့သည်။
နာရီပြန် ၂ချက်ထိုးလောက်ကျ သူ့အား တစ်စုံတစ်ယောက်က ပုတ်နှိုးနေသလို ခံစားရတာကြောင့် ထင်ကျော်ဟာ ဆတ်ကနဲ နိုးလာခဲ့၏။
အိပ်ချင်မူးတူးနဲ့ သူ မျက်လုံး ဖွင့်ကြည့်တော့ သူ့ခေါင်းရင်းဘက်မှာ ခြေတင်ပလ္လင်ချိတ်ပြီး အကျအန ထိုင်နေသော လူသူတော်ကြီးကို အိမ်မက်လိုလို တကယ့်အပြင်ဘက်မှာလိုလို အံဩဘနန်း မြင်တွေ့လိုက်ရသည်။
လူသူတော် ဦးကြီးဟာ ထင်ကျော်ကို ခပ်ပြုံးပြုံးကြီး ကြည့်ပြီး ... သိချင်တာကို ဒဲ့မေးတယ် ။
" မောင်ရင့်ညီရဲ့ လယ်တွေက စေတီပျက်လေးရဲ့ တောင်ဖျားက အပတောမဟုတ်လား ။ မြက်ရိုင်းတွေ ပေါင်းပင်တွေ တောထနေပြီပဲ "
"ဟုတ်ပါတယ် ဦးကြီး ၊ အဲ့ဒီ လယ်တောက ကျနော်တို့ အဖေ ရှိစဉ်က စိုက်ပျိုးမြေတွေပါ ။ အဖေ့လက်ထက်မှာ ဘာပြသနာမှ မရှိခဲ့ပါဘူး ။ စိုက်ပျိုးလို့ရတဲ့ မြေယာကောင်းတွေပါ ။
အဖေဆုံးပါးပြီး ကျနော်တို့ကလည်း ငယ်ရွယ်နေသေးတော့ အမေက အဲ့ဒီလယ်ကို အငှားချထားခဲ့ပါတယ်။ အငှါးချပြီး ၂နှစ် ၊ ၃နှစ်အထိလည်း ပြသနာ မရှိသေးဘူး ။ အဲ ... အဲ့ဒီနောက်ပိုင်းမှာမှ အငှါးလုပ်တဲ့ သူတွေက စိုက်ပျိူးလက်စကြီးနဲ့ လယ်ကို ပစ်ပြေးကြတယ်။
လယ်ငှားရမ်းခ ၊ သီးစားခလည်း မရလိုက်ဘူး ၊ ဘာတွေဖြစ်ကြလို့လဲ မေးလို့ မရကြဘူး ။ ဒါနဲ့ နောက်များတော့ ကျနော့် ညီအငယ်ဆုံးကောင်က အဲ့ဒီလယ်တွေကို အမွေဆက်ခံပြီး ၊ ထွန်ယက် စိုက်ပျိုးဖို့ ကြိုးစားတယ်ခင်ဗျ။ သူလည်း ကံမကောင်းပါဘူး ၊ အဲ့ဒီလယ်မှာပဲ သူ့နွားလေး မြွေပေါက်ခံရပြီး ဆုံးတယ်။ ဖျက်ပိုး ကျတယ်။ လယ်တွေ သီးနှံမထွက်ဘူး ၊ အဲ့ဒီ လယ်တွေက ပိုင်ရှင်ကို အမျိုးမျိုး ခိုက်နေတော့တာပါပဲ ဦးကြီးရာ၊ ဘာဆက်လုပ်သင့်သလဲဆိုတာ ဦးကြီးအနေနဲ့ ကူညီပေးနိုင်တာများ ရှိရင် လမ်းညွန်ပါလို့ မေတ္တာရပ်ခံပါရစေ "
လူသူတော် ဦးကြီးဟာ သူ့အား လက်ဖဝါး ထောင်ပြပြီး ၊
" မင်း ဒီမှာ စောင့်မလား ၊ ငါနဲ့ လိုက်ခဲ့မလား ၊ ဆုံးဖြတ် "
" ဗျာ ! ကျနော်က ဘယ်ကို လိုက်ရမှာလဲ ဦးကြီးရ "
" အော် ... ငါ့လူနှယ် ခက်ပါကောလား။ မင်း ပြသနာတက်နေတယ်ဆိုတဲ့ စေတီဟောင်း တောင်ဘက်က လယ်ကွက်များဆီကိုပေါ့ ၊ ပြသနာရဲ့ အရင်းအမြစ်ကို သိရရင်တော့ ဖြေရှင်းနိုင်ပါ့လိမ့်မယ်။ ဘာမှ ပူပင်စရာ မလိုပါဘူး "
" ဒါ ...ဒါ ပေ မယ့် ၊ အဲ့ဒီလယ်က နေ့ခင်းကြောင်တောင် တောင် သရဲ ခြောက်သတဲ့ ဦးကြီးရ ၊ ခုလို ညဥ့်လွဲသန်းခေါင်ကြီးဆို ကျနော် မလိုက် ... မလိုက်ရဲပါဘူးဗျာ ၊ ဘယ့်နှယ် ကြောက်... ကြောက်စရာကြီး "
ဦးကြီးက ထင်ကျော်၏ စကားအထစ်ထစ်အငေါ့ငေါ့ ကို သဘာကျစွာ ပြုံးတယ်။ ပြီးလေမှ ...
" ဟ့ကောင်ရ ... ငါတစ်ယောက်လုံး ပါနေတာ ၊ မင်းက ဘာကို ကြောက်နေရဦးမှာလဲ ၊ လာပါ ငါနဲ့လိုက်ခဲ့ ၊ မင်းကိုယ်ပေါ် ဆူးတခြစ်ရာ မထင်စေရဘူး ငါ အာမခံတယ် ... ကဲ လာကွ "
ဦးကြီးက အဲ့သလိုပြောပြီး ၊ ထင်ကျော်ရဲ့ လက်ကို လာဆွဲ ခေါ်လိုက်သည်။ အံဩစရာ ထင်ကျော်သည် သူ၏ လက်ကို လာထိကိုင်သော ဦးကြီးလက်မှတဆင့် အင်အားတစ်ခု စီးဝင်လာသလို တဖိန်းဖိန်း တရှိန်းရှိန်း ခံစားလိုက်ရ၏။ လူကလည်း ဦးကြီး ဆွဲခေါ်ရာကို လေထဲ မြောပါသူလို တလှပ်လှပ် တလွင့်လွင့်နဲ့ ပါသွားလိုက်တာ မှောင်မှောင်မည်းမည်း လယ်ကွက်ထဲကို ခြေချမိလေမှ သတိ ပြန်ဝင်လာတော့သည်။ အခု သူနဲ့ ဦးကြီးသည် စေတီဟောင်း တောင်ဘက်က ခိုက်သည်ဆိုသော သရဲခြောက်သည်ဆိုသော လယ်ကွက်တွေထဲ ရောက်နေကြပြီ ဖြစ်သည်။
လယ်ကွက်ထဲသို့ ကောင်းကင်မှ ကြယ်ရောင် ဖျိုးဖျဖျ ကျကာ အနည်းငယ် ထင်သာမြင်သာနေသည်။ လဆုတ်ရက်မို့ လခြမ်းကွေးလေးက မလင်းသာ လင်းသာ ။
မြေအောင်း ပုရစ်ကဲ့သို့သော အကောင်ငယ်လေးများ ၏ တကျီကျီ အော်မြည်သံက တောထနေသည့် လယ်ကွက်ကို အသက်ဝင်နေစေပါ၏။
ခြုံ၍ ဆိုရသော် ချောက်ချားစရာ အတော်ကောင်းသည့် အချိန်အခါ အခြေအနေတစ်ခု ဖြစ်နေ၏။
မည်သည့် ခေတ်ကာလက တည်ခဲ့သည်ဟူသော အထောက်အထား မယ်မယ်ရရ မရှိတော့သည့် ၉တောင်ပြည့် စေတီဟောင်းသည် ထီးမရှိ၊ တံခွန်မရှိ ၊ တခြမ်းပြိုကာ တခြမ်းမှာ ယိုင်လဲလုမတတ် ပျက်စီးယိုယွင်းလျက် ရှိနေသည်။
အုတ်ခံပတ်ထားသော ရင်ပြင်အတားတို့မှာလည်း ခြုံနွယ်များဖြင့် ပိတ်ပိတ်ပေါင်းနေ၏။ စေတီ ရင်ပြင်တက်ရာ အုတ်လှေကားမှာ အက်ရာကွဲရာတို့ဖြင့် ရွဲ့စောင်း ကျိုးပျက်နေကြလေပြီ။ ဆူးခြုံ နဘူးခြုံတွေနဲ့ လွှမ်းနေကြပြီ။
ထိုစေတီဟောင်း၏ အခြေရှိ ခြုံနွယ်များအကြားတွင် မည်းမည်းသဏ္ဍာန်ကြီးများသည် ဟိုဟိုသည်သည် လှုပ်ရှားလှုပ်ရွနေကြ၏။ အစာကို ရှာဖွေနေကြသည်လား မဆိုနိုင်ပေ။
ဝိုတဝါး အလင်းရောင်အောက်တွင် ထိုးထိုးထောင်ထောင်ဖြင့် တစ်မျိုး ၊ ကုန်းကုန်းကွကွဖြင့် တစ်သွယ် ၊ ကြောက်မက်ရွံရှာဖွယ် ပုံသဏ္ဍာန်မျိုးစုံ ရှိနေကြကုန်၏။
ထင်ကျော်မှာ ထိုမကောင်းသည့် သဏ္ဍာန်များကို လက်တွေ့ မြင်လိုက်ရသည့်အခါ ထိတ်လန့်သွား၏။ အနီးရှိ လူသူတော်ဦးကြီး၏ လက်မောင်းကို အားကိုးတကြီး ဖမ်းဆုပ်ထားလိုက်မိလေသည်။
" မင်း ... ဒီမှာ နေခဲ့ မောင်ရင် ၊ ငါ သွားပြီး အကျိုးအကြောင်း သိရအောင် စုံစမ်းချီဦးမယ် "
ထင်ကျော်ပင် တားမြစ်ချိန် မရလိုက်။ ဦးကြီးသည် လေ၏အလျင်ဖြင့် သူ၏ အရှေ့မှ ရွေ့ရှား ပျောက်ကွယ်သွားသည်။ဦးကြီးက သူအား စိတ်ချလက်ချ ထားသွားခဲ့လေပြီ။
" ဦးကြီး ... ဦးကြီး ...
ကျနော် တစ်ယောက်တည်း မထားခဲ့နဲ့လေဗျာ ။ ဟာ ... ဒုက္ခပါပဲ "
ကြောက်တတ်သော ထင်ကျော်အတွက် ဤသရဲသိုက်ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် လယ်ကွက်ထဲတွင် တစ်ယောက်တည်း ကျန်နေရ်ခဲ့လေပြီ။
သူ တစ်ယောက်တည်းပါလား ဟူသော သိစိတ်က ထင်ကျော်၏ အသည်းစုံအူစုံကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
ထိတ်လန့်ကြီးစွာ ချောက်ချားနေရလေတော့သည်။
(ဆက်ရန်)
ပီပီ(မန္တလေး)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။
.png)